ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဟားခါးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနရုံးအဆောက်အဉီသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
ဒီလ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ဟားခါး ဒီဇင်ဘာ ၂၀ ဟားခါးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနရုံးအဆောက်အဉီသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်နံနက် ၉ နာရီက ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ အဆိုပါအဆောက်အဉီရှေ့၌ ကျင်းပပြုလုပ်ရာ အစီအစဉ်အရ ရှေးဉီးစွာ ဟားခါးမြို့ ဇိအုန်ဘုရားကျောင်းမှသိက္ခာတော်ရဆရာတော် Rev Dennis Ngun Thawng Mang က ခရစ်ယာန်ထုံးတမ်းစဉ်လာနှင့်အညီအဖွင့်ဆုတောင်းပေးသည်။ ထို့နောက်ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးဉီးရွှေထီးအိုး၊ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးဉီးတိုးဝင်း၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနညွှန်ကြားရေးမှူးဉီးကျော်ဆွေ တို့ကအဆောက်အဉီသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ရုံး အဆောက်အဉီသစ်အားလှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါအဆောက်အဉီသစ်ကို၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၈၈.၂၅၀) သန်းဖြင့်ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှတာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျား ၅၃ပေ အနံ ၃၆ပေ အမြင့် ၂၂ပေ ရှိ RC (၂) ထပ်အဆောက်အဉီဖြစ်ကြောင်း သိရှိရသည်။ မြင့်နိုင်စိုး(ပြန်/ဆက်)

ချင်းပြည်နယ်အစိုးရအဖွဲ့၏ဉီးဆောင်မှုဖြင့်ပထမဆုံးအကြိမ်ကျင်းပသည့်၂၀၁၉ခုနှစ်ခရစ္စမတ်ပွဲတော်ဝတ်ပြု ဆုတောင်းခြင်းနှင့်ညစာစားပွဲသို့ပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ်တက်ရောက်
ဒီလ ၂၀၁၉ ခုနှစ်၊ ၁၉ ရက် U Min Eya Htyke

ဟားခါး ဒီဇင်ဘာ ၁၉ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဉီးဆောင်မှုဖြင့် ပထမဆုံးအကြိမ်ကျင်းပသည့် ကယ်တင်ရှင်သခင် “ယေရှုခရစ်တော်”ဤလောကသို့လူ့ဇာတိခံယူ၍ဖွားမြင်ခြင်းဝမ်းမြောက်ဖွယ်အချိန်အခါသမယကို ကြိုဆိုသော အားဖြင့် ၂၀၁၉ ခုနှစ် ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းခြင်းနှင့် ညစာစားပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် ည ၆ နာရီက ဟားခါးမြို့ ကာဆင်ခန်းမ ၌ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် ၊ ပြည်နယ်လွှတ်တော်ဉက္ကဌဉီးဇိုဘွဲ ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဉပဒေချုပ်ဉီးဆန်နီထန်ကျုံး၊ ပြည်နယ်စာရင်းစစ်ချုပ်ဉီးလာလ်တင်မန်း၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဉီးတိုးဝင်း၊ အသင်းတော် အသီးသီး မှသိက္ခာတော်ရဆရာတော်များနှင့်ဘာသာရေးခေါင်းဆောင်များ ၊ ပြည်နယ်၊ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ ရှေးဉီးစွာ ဟားခါးနှစ်ခြင်း အသင်းတော်လူငယ်များက “လောကဝမ်းမြောက်ဘုရားကြွလာ” ဓမ္မတေး သီချင်းစုပေါင်းသီဆိုပြီး အစီအစဉ်သဘာပတိ သိက္ခာတော်ရဆရာဒေါက်တာစတီဗင်လျန်ဟုပ်လိန်းက ကျမ်းစာ ဖတ်ကြားကာသိက္ခာတော်ရဆရာဗျက်နုံးကအဖွင့်ဆုတောင်းပေးပါသည်။ ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ်နှင့်ပြည်နယ်လွှတ်ဉက္ကဌဉီးဇိုဘွဲတို့က ခရစ္စမတ် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပြီး သိက္ခာတော်ရဆရာဒေါက်တာဇာခါရ်က ခရစ္စမတ်ဒေသနာ ဟောကြား သည်။ ယင်းနောက် ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်၊ ၊ ပြည်နယ်လွှတ်တော် ဉက္ကဌဉီးဇိုဘွဲနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန် တို့ကတက်ရောက်လာကြသည့်သိက္ခာတော်ရဆရာတော်များ အား ခရစ္စမတ်လက်ဆောင်များပေးအပ်ခဲ့ကြကာသိက္ခာတော်ရဆရာလန်ဇကပ်၏ခရစ္စမတ်ကောင်းချီးပေးခြင်း ဖြင့် ဝတ်ပြုဆုတောင်းပွဲရုပ်သိမ်းပါသည်။ ထို့နောက် သိက္ခာတော်ရဆရာ ရမ်ဟေးက ခရစ္စမတ်ညစာအတွက် ဆုတောင်းပေးပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၁၉ ခုနှစ် ခရစ္စမတ်ပွဲတော် ညစာစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြကြောင်းသိရ သည်။ မြင့်နိုင်စိုး(ပြန်/ဆက်)

အမှတ်(၃)ကုန်းမြင့်ဒေသ လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းဌာနအစီအစဥ်ဖြင့် ကွင်း (၄) ကွင်းတွင် ဌာနစက်များဖြင့် ဆောင်ရွက်
ဒီလ ၂၀၁၉ ခုနှစ်၊ ၁၉ ရက် CingSan Mang

အမှတ်(၃)ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းဌာနအစီအစဉ်ဖြင့် ဖော်ထုတ်နေသည့် ဟားခါးမြို့နယ်၊ လေအွမ်(ခ)ကျေးရွာတွင် (၁၀၀)ဧက၊ ထန်တလန်မြို့နယ်၊ ရာလ်ပဲလ်ကျေးရွာတွင် (၁၀၀)ဧက နှင့် လေတပ်(က၊ခ၊ဇီပီး)ကျေးရွာ တွင် (၇၅)ဧက၊ ဖလမ်းမြို့နယ်၊ ကျဲရ်မွန်ကျေးရွာတွင် (၇၀)ဧက၊ ကွင်း(၄)ကွင်းတွင် ဌာနစက်များဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ကြောင်း တင်ပြပါသည်။

အမှတ်(၃)ကုန်းမြင့်ဒေသ လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးအနေဖြင့် လယ်ယာမြေ (၆၅၀)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ စာရင်းကြေငြာခြင်း
ဒီလ ၂၀၁၉ ခုနှစ်၊ ၁၉ ရက် CingSan Mang

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အတွင်း မြို့နယ် (၆) မြို့နယ်အတွင်းရှိ ကျေးရွာ (၂၆) ရွာတွင် ကုန်းမြင့်လယ်ယာ (၆၅၀)ဧက အား ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရမည့် တင်ဒါအောင်ကုမ္ပဏီများ၏ အမည်စာရင်းအား အများပြည်သူသိရှိအောင် တင်ပြထားပါသည်။

ဖလမ်း၌ “လူငယ်ကျန်းမာရေးနှင့်အားကစား”ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်
ဒီလ ၂၀၁၉ ခုနှစ်၊ ၁၈ ရက် U Min Eya Htyke

ဖလမ်း ဒီဇင်ဘာ ၁၈ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ “လူငယ်ကျန်းမာရေးနှင့်အားကစား”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီက ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ ပြုလုပ်သည်။ ရှေးဦးစွာ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး ဒုတိယဦးစီးမှူး ဦးဟရန်အဲရ်က ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။ ပြည်သူ့စကားဝိုင်းတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမာန်မနား၊ ခရိုင် တိုင်းရင်းဆေးဦးစီးမှူး ဒေါ်သောင်းမေ၊ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးသောင်းလွင်ထွန်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်းတို့က “လူငယ်ကျန်းမာရေးနှင့် အားကစား”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြြပီး တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက် )

ခရစ္စမတ်အကြိုသံဃာတော်များဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်ဝတ်ပြုဆုတောင်ခြင်းအခမ်းအနားကျင်းပ
ဒီလ ၂၀၁၉ ခုနှစ်၊ ၁၈ ရက် U Min Eya Htyke

ဟားခါး ဒီဇင်ဘာ ၁၈ ချင်းပြည်နယ်အစိုးရအဖွဲ့မှဉီးစီးကျင်းပသည့် ၂၀၁၉ ခုနှစ် ခရစ္စမတ်အကြို သံဃာတော်များဆွမ်းဆက် ကပ်လှူဒါန်းခြင်းနှင့်ဝတ်ပြုဆုတောင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၇ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဉက္ကဌဉီးဇိုဘွဲ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဉီးတိုးဝင်း၊ပြည်နယ် ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။ ရှေးဉီးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် ကျောဘုတ် ထေရဝါဒဗုဒ္ဓသာသနာ ပြု ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားကြည်ညိုကြသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဉီးပေါင်လွန်းမင့်ထန် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဉီးတိုးဝင်းနှင့်တာဝန်ရှိသူများကသံဃာတော်အရှင်သူမြတ်များထံလှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြပြီးနောက် ဆရာတော်ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ထံမှ ဝမ်းမြောက်အနုမောဒနာကထာ နာယူ ပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာဆရာတော်သံဃာတော်များအား အရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပရာ သိက္ခာတော်ရဆရာ ဇာလျန်ထန်က အဖွင့်ဆုတောင်းပေးကာ တက်ရောက် လာကြသူများက “ယေရှုကြွလာတော်မူကျူး” ခရစ္စမတ်ဂုဏ်တော်ချီးမွမ်းခဲ့ကြပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ်က ခရစ္စမတ် နူတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် သိက္ခာတော်ရဆရာ Dr.စတီဗင်လျန်ဟုပ်လိန်းက ခရစ္စမတ် အတွက် အထူးဆုတောင်း ပေးကာသိက္ခာတော်ရဆရာပေါလ်ရမ်ကျုံးကခရစ္စမတ်ဒေသနာတော်ဖြင့်ခွန်အားပေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကသိက္ခာတော်ရဆရာတော်များအားလက်ဆောင်ပစ္စည်းများ ပေးအပ် ချီးမြှင့်ကာ တက်ရောက်လာ ကြသူများက “ထောပနာသီချင်း” ကျူးဧကြပြီး သိက္ခာတော်ရဆရာ ကျဲအိုဘိခ်လျန်က ကောင်းချီးမင်္ဂလာပေးခဲ့ ကြောင်းသိရသည်။ ကျော်စွာ(ပြန်/ဆက်)

ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီ၏ လူငယ်ဆိုင်ရာအစည်းအဝေးနှင့် လူငယ်များတွေ့ဆုံစကားဝိုင်းအခမ်းအနား ဟားခါးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ
ဒီလ ၂၀၁၉ ခုနှစ်၊ ၁၈ ရက် U Min Eya Htyke

ဟားခါး ဒီဇင်ဘာ ၁၈ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက စီစဉ်ကျင်းပသည့် ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီ၏ လူငယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူငယ်များတွေ့ဆုံစကားဝိုင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဟားခါးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်နှင့်မြို့နယ်လူငယ်ရေးရာကော်မတီဝင်များ၊အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီးတို့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ချင်းပြည်နယ်လူငယ်ရေးရာကော်မတီဉက္ကဌကိုယ်စား ဒုတိယဉက္ကဌ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအေးမင်းညွှန့်က တက်ရောက်လာကြသည့် လူငယ်ရေးရာ ကော်မတီဝင်များအား မိတ်ဆက်စကားပြောကြားပြီးနောက် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်အိုက်အောင်ဝင်းက ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသူများက ဒေသနှင့် ကိုက်ညီသည့် လူငယ်ရေးရာမူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းများ အားကောင်းလာစေရေး၊ ချင်းပြည်နယ်အတွင်းရှိ လူငယ်များအားလုံးအနေဖြင့် ပြည်နယ်က ချမှတ်ထားသော လူငယ်ရေးရာမူဝါဒများအပေါ်သိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေးတို့နှင့် လတ်တလောဖြေရှင်း ဆောင်ရွက်ရမည့် ပြဿနာများကို ကဏ္ဍအလိုက် ဆွေးနွေးကာ ရရှိလာသော ဆွေးနွေးမှုများအပေါ် မှတ်တမ်းတင်ခဲ့ကြောင်းသိရှိရသည်။ မြင့်နိုင်စိုး(ပြန်/ဆက်)

ဖလမ်းမြို့နယ် သစ်တောဦးစီးမှူးရုံး မီးလောင်ကျွမ်းလူ၊ တရိစာ္ဆန်ထိခိုက်ဒဏ်ရာရရှိမှုမရှိ
ဒီလ ၂၀၁၉ ခုနှစ်၊ ၁၈ ရက် U Min Eya Htyke

ဖလမ်း ဒီဇင်ဘာ ၁၈ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ မြို့နယ်သစ်တောဦးစီးမှူးရုံး အဆောက်အဉီ(၂)ထပ် (၄၀×၃၂×၃၅)ပေ၊ အောက်ထပ် အုတ်ညှပ်၊ ပျဉ်ခင်း၊ အပေါ်ထပ် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာသည် ဒီဇင်ဘာ ၁၈ ရက် နံနက် ၀၀၁၅ အချိန်ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးဌာနရုံးသည် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ပွားရာမှ ရုံး၏အပေါ်ထပ်မှစ၍ မီးစတင်လောင်ကျွမ်းကာ ဖလမ်းခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစာရုံမန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် နံနက် ၀၁၀၀ နာရီခန့်က ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် အပေါ်ထပ်ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးတစ်ခြမ်း၊ အောက်ထပ်ပြတင်းပေါက်နှင့် တံခါးများ မီးလောင် ကျွမ်းခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်သစ်တောဦးစီးမှူးရုံး ရုံးစောင့်တာဝန် ချထားသူ ဒါလ်ဆွမ်းကပ်ကို ဖလမ်းမြို့ မြို့မရဲစခန်းမှ (ပ)၁၅၉/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် မီးလောင်မှုကြောင့် လူ၊ တရိစာ္ဆန် ထိခိုက်ဒဏ်ရာရရှိမှုမရှိ ကြောင်းသိရသည်။ မီးလောင်မှုအခြေအနေများကို ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါးလ်၊ ပြည်နယ်သစ်တောဦးစီးမှူး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ခရိုင် ပြန်/ဆက်

ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနယ်စပ်ချောင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိ
ဒီလ ၂၀၁၉ ခုနှစ်၊ ၁၆ ရက် U Min Eya Htyke

ရိခေါ်ဒါရ် ဒီဇင်ဘာ ၁၆ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ချောင်း (မြန်မာဘက်ခြမ်း) ၌ ဘိန်းဖြူဟုယူဆရသော မူးယစ်ဆေးဝါးများအား ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်းနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။. ဖြစ်စဉ်မှာ ရိခေါ်ဒါရ်မြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများဖြစ်သော ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်၊ ရပ်ကွက်စာရေး ဦးနိန်လမ်းဇွမ်မုံတို့နှင့်အတူ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမြောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ နယ်စပ်ချောင်းစပ် (မြန်မာဘက်ခြမ်း)၌ စောင့်ဆိုင်းနေစဉ် နယ်စပ်ချောင်းဘေးလမ်းအတိုင်း လျှောက်လာသူ ဦးလာလ်ဒုစကာ၊ (အဘ ဦးလာလ်ထန်ဆန်းငါ) အသက် ၂၁ နှစ်အား မသင်္ကာသဖြင့် သက်သေများရှေ့တွင် ဖွင့်ဖောက်ရှာဖွေရာ ၎င်းကိုင်ဆောင်လာသည့် လက်ဆွဲပလပ်စတစ် အိတ်အတွင်း၌ မူးယစ်ဆေးဝါး (ဘိန်းဖြူ)ဟု ယူဆရသော ဖြူ/လိမ္မော်ရောင် အမှုန့်အလေးချိန် ၁၀ ဂရမ်ခန့်ပါ Love is Flower တံဆိပ် ပန်းရောင် ဆပ်ပြာခွက် တစ်ခွက်၊ ဘိန်းဖြူဟု ယူဆရသော အလေးချိန် ၅.၅ ဂရမ်ခန့်ပါ အလျား ၇ လက်မခွဲခန့်ရှိ ကြံရည်ရောင် ကော်ဗူး တစ်ဗူး၊ ဘိန်းဖြူဟု ယူဆရသော ဖြူ/လိမ္မော်ရောင်အမှုန့် အလေးချိန် ၀.၅ ဂရမ်ခန့်ပါ ပြာနီရောင် ကော်ဗူး တစ်ဗူး၊ ၀.၂ ဂရမ်ခန့်ပါ ပင်နင်စလင်ပုလင်း တစ်လုံး၊ 1 ml ဆေးထိုးပိုက် တစ်ချောင်းနှင့် အိန္ဒိယငွေစက္ကူ ၂၀၀ ရူပီးပါရှိသည့် လက်ကိုင်ပိုက်ဆံအိတ်တို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ၎င်းမူးယစ်ဆေးဝါးများအား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။ ထို့နောက် သက်သေများရှေ့တွင် ဦးလာလ်ဒုစကာအား မေးမြန်းစစ်ဆေးရာ ၎င်းမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ ဘက်မှ ဝယ်ယူကာ အိန္ဒိယနိုင်ငံဘက်သို့ ရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းထံမှဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအား ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၌ နေထိုင်သူ မကျိန်ခန့်ကျောင်ထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး မကျိန်ခန့်ကျေိာင်၊ (အဘ ဦးဝင်းမောင်) အသက် ၄၀ နှစ် ၏ နေအိမ်အားလိုက်လံပြသခဲ့သဖြင့် စခန်းမှူးရဲအုပ် အောင်ဆန်းလင်းနှင့် အဖွဲ့မှ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်အောက်မှ မူးယစ်ဆေးဝါး (ဘိန်းဖြူ)ဟုယူဆရသော ဖြူ/လိမ္မော်ရောင်အမှုန့်များ ကပ်လှျက်ရှိသည့် Love is Flower တံဆိပ်ပါ ပန်းရောင်ဆပ်ပြာ ဗူးခွံ ငါးခု၊ အစိမ်းရောင်ဆပ်ပြာဗူးခွံ သုံးခု၊ အနီရောင်ဆပ်ပြာဗူးခွံ နှစ်ခုနှင့် ၎င်းဆပ်ပြာခွက် များအားထုပ်ပိုးရာတွင် အသုံးပြုသည့် အဖြူရောင်တိပ်အကြည်စများနှင့် PETCARE တံဆိပ်ပါ လိမ္မော်/အဝါရောင် ပေါင်ဒါမှုန့် တစ်ဗူးတို့အားရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပါသည်။ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးလာလ်ဒုစကာ အား ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ မယ(ပ)၅/၁၉၊ မူး/စိတ်ပုဒ်မ- ၁၉(က)/၂၀(က)/၂၀(ခ)ဖြင့် လည်းကောင်း၊ အမှုမှ ဖမ်းဆီးရမိသူ မကျိန်ခန့်ကျောင်အား မယ(ပ) ၅/၁၉၊ မူး/စိတ်ပုဒ်မ- ၁၉(က)/၂၀(က)/၂၀(ခ)အမှုမှ ကွင်းဆက်တရားခံအဖြစ်လည်းကောင်း အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ချင်းပြည်နယ်ဟားခါးမြို့၌ဒီဇင်ဘာလ ဒုတိယပတ်လူထုလမ်းလျှောက်ပွဲအခမ်းအနားကျင်းပ
ဒီလ ၂၀၁၉ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

ဟားခါး ဒီဇင်ဘာ ၁၄ ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ဒုတိယပတ်လူထုလမ်းလျှောက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်နံနက် ၆ နာရီက ချင်းပြည်နယ်ဟားခါးမြို့၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်လွှတ်တော်ဉက္ကဌ ဉီးဇိုဘွဲ ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဉီးဝင်းမြင့်ကျော်၊ ပြည်နယ်ဉပဒေချုပ် ဉီးဆန်နီထန်ကျုံး ၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ပြည်နယ်၊ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူ များ၊ လူငယ်လေ့ ကျင့်ရေးကျောင်းနှင့်အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူသင်တန်းသား များနှင့် မြို့ပေါ်ရပ်ကွက်များမှပြည်သူများက စျေးသစ်ရပ်ကွက် ဆေးရုံ လမ်းဆုံမှ ဝမ္မသူးမောင်အားကစားကွင်း အထိ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။ ထို့နောက် အားကစားကွင်းအတွင်း ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြပြီး လူထုလမ်း လျှောက်ပွဲပါဝင် ဆင်နွှဲကြသူများအား ကံစမ်းမဲများဖောက်ပေးကာမဲပေါက်သူများအား ချင်းပြည်နယ် လွှတ်တော်ဉက္ကဌ ဉီးဇိုဘွဲ နှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်၍ အာလူးကောက် အားကစားပွဲများ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြ ကြောင်းသိရှိရသည်။ ဆလိုင်း(ပြန်/ဆက်)